အူလမ်းကြောင်း သွေးကြောပိတ်ခြင်း ဆိုတာ
ဝမ်းဗိုက်နဲ့ ပတ်သက်ပြီး အရေးပေါ်ပြဿနာပေါင်း များစွာရှိပါတယ်။ အစာအိမ်နဲ့ အူပေါက်တာ၊ အူပိတ်တာ၊ အူအတက်ပေါက်တာ စသဖြင့် အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်တဲ့ ရောဂါပေါင်းများစွာထဲမှာ အူလမ်းကြောင်းသွေးကြောပိတ်ခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
အူလမ်းကြောင်းသွေးကြောပိတ်တယ်ဆိုတာ တစ်နည်းအားဖြင့် အူပုပ်နိုင်ခြေရှိတဲ့ ရောဂါပါ။ အူတွေရဲ့အပေါ်မှာ ဖုံးအုပ်ထားတဲ့ Mesentery လို့ခေါ်တဲ့ အူဖုံးအမြှေးပါးမှာရှိတဲ့ သွေးကြောလေးတွေ ကျဥ်းလာတာ သို့မဟုတ် ပိတ်ဆို့သွားတာကြောင့် အူသိမ်တွေဆီ သွေးစီးဆင်းမှု မရှိတော့ဘဲ အူတွေပုပ်လာတတ်ပါတယ်။
ရုတ်တရက်ပြင်းထန် အူလမ်းကြောင်းသွေးကြောပိတ်တာဟာ သွေးခဲပိတ်ဆို့မှုကြောင့် အဖြစ်များပြီး နာတာရှည် အူလမ်းကြောင်းသွေးကြောပိတ်တာကတော့ သွေးကြောထဲမှာ အဆီတွေစုပုံလာတာကြောင့် ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ…
ရုတ်တရက်ပြင်းထန် အူလမ်းကြောင်းသွေးကြောပိတ်ဆို့တဲ့အခါ
- ဝမ်းဗိုက်ပြင်းထန်စွာ အောင့်ခြင်း
- ဖျားခြင်း
- ပျို့အန်ခြင်း
- ဝမ်းသွားချင်သလို ဖြစ်ခြင်းတွေ ခံစားရတတ်ပြီး နာတာရှည်အူလမ်းကြောင်း သွေးကြောပိတ်ရင်တော့
- အစာစားပြီး နာရီဝက်လောက်အကြာမှာ ဗိုက်အောင့်တတ်ခြင်း
- တစ်နာရီလောက် ကြာတဲ့အခါ ဗိုက်အောင့်တာက ပိုဆိုးလာခြင်း
- နှစ်နာရီ၊ သုံးနာရီလောက်ကြာရင် သက်သာသွားခြင်းမျိုး ခံစားရတတ်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များသလဲ?
- Atrial Fibrillation လို့ခေါ်တဲ့ နှလုံးစည်းချက်မမှန်တဲ့ ရောဂါရှိသူ
- Congestive Heart Failure လို့ခေါ်တဲ့ နှလုံးကြွက်သားတွေက ကောင်းစွာမညှစ်နိုင်တဲ့ ရောဂါရှိသူ
- လတ်တလော သွေးကြောခွဲစိတ်မှု ခံယူထားသူတွေမှာ ရုတ်တရက်ပြင်းထန် အူလမ်းကြောင်းသွေးကြောပိတ်ခြင်း အဖြစ်များပြီး
- ဆီးချိုရှိသူ
- သွေးတွင်းကိုလက်စထရောများသူ
- သွေးတိုးရှိသူ
- သွေးကြောနဲ့ဆိုင်တဲ့ ရောဂါရှိသူ
- အဝလွန်သူ
- ဆေးလိပ်သောက်သူ
- အသက်ကြီးသူတွေမှာ နာတာရှည် အူလမ်းကြောင်းသွေးကြောပိတ်ခြင်း ဖြစ်နိုင်ပါတယ်။
ကုသဖို့အတွက်ဆိုရင်…
ဝမ်းဗိုက်ကို ဖွင့်ပြီး သွေးခဲကို ဖယ်ရှားကာ သွေးကြောပွင့်အောင်လုပ်တဲ့ အကြီးစားခွဲစိတ်မှု လုပ်ဖို့လိုအပ်ပါတယ်။ နာတာရှည် အူလမ်းကြောင်းသွေးကြောပိတ်တာအတွက်ဆိုရင်တော့ ဝမ်းဗိုက်ကို မဖွင့်ဘဲ Angioplasty လို့ခေါ်တဲ့ သွေးကြောထဲကို ဝါယာကြိုးငယ်လေးထည့်ပြီး သွေးကြောချဲ့ပေးတဲ့ အသေးစားခွဲစိတ်မှု လုပ်လို့လည်း ရပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ…
အချိန်မီ ခွဲစိတ်ကုသမှု မလုပ်နိုင်ခဲ့ရင်
- အူပုပ်တာ
- သွေးဆိပ်တက်တာတွေကနေတဆင့် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
နာတာရှည် အူလမ်းကြောင်းသွေးကြောပိတ်သူတွေမှာ
- အစာစားဖို့ ကြောက်လာတာ
- အလွန်အမင်း ပိန်လာတာ
- အာဟာရချို့တဲ့လာတာတွေလည်း ဖြစ်နိုင်ပါတယ်။
အူလမ်းကြောင်းသွေးကြောပိတ်တာဟာ လူတစ်သိန်းမှာ ကိုးယောက်ခန့်နှုန်း ဖြစ်နိုင်ပြီး အရေးပေါ် ဝမ်းဗိုက်ခွဲစိတ်ကုသရမှု စုစုပေါင်းရဲ့ ၁၇% ခန့် ရှိတာကြောင့် နည်းတယ်လို့ မဆိုနိုင်ပါဘူး။
နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ များပြားလာတဲ့ ခေတ်မို့ အူလမ်းကြောင်းသွေးကြောပိတ်ခြင်းကလည်း သတိထားသင့်တဲ့ ရောဂါတစ်ခုပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်